ဆာလံ 145
OJV1 ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး၏ဘုရင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုကာလအစဉ် အဆက် ချီးမွမ်းပါမည်။
2 နေ့စဉ်နေ့တိုင်းကိုယ်တော်ရှင်၏ကျေးဇူးတော်ကို ချီးမွမ်းပါမည်။ ကာလအစဉ်အဆက်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
3 ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ ထောမနာပြုခြင်းကိုအလွန်ခံထိုက်တော်မူ၏။ ကြီးမြတ်တော်မူပုံကိုဆင်ခြင်တိုင်းထွာ၍ မရနိုင်။
4 ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်ကို လူတို့သည်သားစဉ်မြေးဆက်ထောမနာပြု ပါလိမ့်မည်။ သူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော မဟာအမှုတော်တို့ကိုထုတ်ဖော်ကြေညာ ကြပါလိမ့်မည်။
5 သူတို့သည်ကိုယ်တော်ရှင်၏ဘုန်းအသရေ တော်နှင့် အာနုဘော်တော်ကိုပြောကြားကြပါလိမ့်မည်။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော်မူသော အံ့သြဖွယ်အမှုတော်တို့ကိုစဉ်းစားဆင်ခြင် ပါမည်။
6 လူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော မဟာအမှုတော်တို့ကိုကြားပြောကြပါလိမ့်မည်။ ကျွန်တော်မျိုးသည်လည်းကိုယ်တော်ရှင်၏ ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။
7 သူတို့သည်ကိုယ်တော်ကောင်းမြတ်တော်မူကြောင်းကို မြွက်ဆို၍ကိုယ်တော်ကောင်းမြတ်တော်မူကြောင်း သီချင်းဆိုကြပါလိမ့်မည်။
8 ထာဝရဘုရားသည်ချစ်တတ်သောသဘော၊ သည်းခံတတ်သောသဘောရှိတော်မူ၍ ခိုင်မြဲသောမေတ္တာတော်နှင့်ကြွယ်ဝတော် မူ၏။
9 ကိုယ်တော်သည်လူတိုင်းကိုကျေးဇူးပြုတော် မူ၍ မိမိဖန်ဆင်းတော်မူသမျှသောသတ္တဝါတို့ အား ကရုဏာထားတော်မူ၏။
10 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသမျှသော သတ္တဝါတို့သည်ကိုယ်တော်ရှင်အားထောမနာ ပြုကြပါလိမ့်မည်။ ကိုယ်တော်ရှင်၏လူစုတော်သည်ကျေးဇူး တော်ကို ချီးမွမ်းကြပါလိမ့်မည်။
11 သူတို့သည်ကိုယ်တော်ရှင်၏ဘုန်းအသရေ တော်နှင့် အာနုဘော်တော်အကြောင်းကိုပြောကြား ပါလိမ့်မည်။
12 ဤနည်းအားဖြင့်လူအပေါင်းတို့သည်ကိုယ်တော် ရှင်၏ မဟာအမှုတော်တို့ကိုလည်းကောင်း၊ နိုင်ငံတော်၏ဘုန်းအသရေတော်ကိုလည်း ကောင်း သိရှိကြပါလိမ့်မည်။
13 ကိုယ်တော်ရှင်၏နိုင်ငံတော်သည်နိစ္စထာဝရ တည်တော်မူပါ၏။ ကိုယ်တော်ရှင်သည်လည်းထာဝရဘုရင် ဖြစ်တော်မူပါ၏။ ထာဝရဘုရားသည်မိမိ၏ကတိတော်တို့ကို တည်စေတော်မူ၍ ပြုတော်မူသမျှသောအမှုတို့တွင်မေတ္တာတော်ကို ဖော်ပြတော်မူ၏။
14 ကိုယ်တော်သည်ဒုက္ခရောက်သူအပေါင်းကို ကူမတော်မူ၏။ လဲကျနေသူအပေါင်းကိုကူမတော်မူ၏။
15 သက်ရှိသတ္တဝါအပေါင်းတို့သည်ကိုယ်တော်ကို မျှော်ကြည့်ကြ၏။ ကိုယ်တော်သည်သူတို့ကိုအချိန်တန်လျှင် ကျွေးမွေးတော်မူ၏။
16 ကိုယ်တော်သည်သူတို့၏လိုအင်များကို လုံလောက်စွာ ဖြည့်တင်းပေးကာသူတို့ကိုရောင့်ရဲစေတော်မူ၏။
17 ထာဝရဘုရားသည်ပြုလေသမျှသော အမှုတို့တွင်ဖြောင့်မတ်ခြင်းနှင့်ကရုဏာ တော်ကို ဖော်ပြတော်မူ၏။
18 ကိုယ်တော်သည်မိမိအားစိတ်ရောကိုယ်ပါ ပတ္ထနာပြုကြသူအပေါင်းတို့၏အနီးတွင် ရှိတော်မူ၏။
19 ကိုယ်တော်သည်မိမိအား ကြောက်ရွံ့ရိုသေသူအပေါင်းတို့၏လိုအင် များကို ဖြည့်တင်းပေးတော်မူ၏။ သူတို့၏ဟစ်အော်သံကိုကြားတော်မူ၍ သူတို့အားကယ်တော်မူ၏။
20 ကိုယ်တော်သည်မိမိအားချစ်သောသူအပေါင်း တို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ သူယုတ်မာအပေါင်းတို့ကိုမူကား သုတ်သင်တော်မူလိမ့်မည်။
21 ငါသည်ထာဝရဘုရားအားအစဉ်အမြဲ ထောမနာပြုမည်။ သတ္တဝါအပေါင်းတို့သည်ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သည့်နာမတော်အား ကာလ အစဉ်အဆက်ထောမနာပြုကြပါစေ။
